ပိုင်စိုးဦး
အချိန်ကား
ညနေ၅နာရီခန့်။ ရန်ကုန်မြို့နှင့် မိုင်၅၀ခန့်ဝေးကာ ပင်လယ်ဖြင့်နီးသည့်
သုံးခွမြို့နယ် သမစိတ္တ ကျေးရွာ ရှိ ပျိုမေတစ်သိုက် ပလတ်စတစ်ပုံးဝါ နှစ်ပုံးကို
တံပိုးကိုယ်စီချိတ်ကာ ရွာလယ် ရေကန်သို့ ရေခပ်ဆင်းလာကြသည်။ (တောဓလေ့ဖြစ်သည့် ညနေတွင် ပျိုမေတစ်သိုက်မှာ ရေအိုးကိုယ်စီရွက်ကာ
ရွာလယ်ရှိ ရေကန်သို့ ရေခပ်ဆင်းသည်မှာ မပပျောက် သွားသော်လည်း ရေအိုးများနေရာတွင်
ပလတ်စတစ်ပုံးပြာများအစားထိုးသွားသည်။) ပျိုမေတစ်သိုက် ဒူးဆစ် သာသာ ရှိရေကန်မှ
သောက်သုံးရေအတွက် ခပ်သွားသည့်ရေများမှာ ရွံဗွက်ရေ အလားထင်မှတ်ရသည်။
“လာလှူတဲ့လူမရှိတော့လဲ
တွင်းရေပဲကြိုသောက်ရတာပေါ့။ တွင်းရေမရတဲ့နှစ်တော့မရှိဘူး။ ရေကောင်း မသောက်ရဘူး
ဒုက္ခရောက်တာပေါ့။ ခုနေခါကတော့ မိုးမရွာရင်လိုတယ်။ မိုးရွာရင်မလိုတော့ဘူး။”
ဟု ဆားတလင်း ကျေးရွာနေ မဌေးက သောက်ရေများကို
လက်ဖြင့်ခပ်ပြကာ ပြောသည်။
အလွန်ပူပြင်းသည့် နွေရာသီကာလများတွင် အဆိုပါကျေးရွာ၌
သောက်သုံးရေ (ရေချို)ရှားပါးသည်မှာ နှစ်စဉ် လိုလို ဖြစ်ခဲ့သည့်
ရွာနီးစပ်ချုပ်နှင့် တစ်ချို့ကျေးရွာတော်တော်များများတွင်လည်း သောက်သုံးရေ
ရှားပါးကြ သည်ဟု သုံးခွမြို့နယ်ရှိ ကျေးရွာများက သိရသည်။
သောက်သုံရေးနှစ်စဉ်
ရှားပါးသည်နှင့် ပတ်သက်ပြီး သမစိတ္တကျေးရွာနေ အသက် ၅၇နှစ်ရှိပြီဖြစ်သည့် ဦးခင်သောင်း က”သောက်ရေရှားသွားတာ တပိုတွဲ
တပေါင်းလပြည့်ကတည်းကရှားတာ။ တပေါင်းက ဒီဖက်ကို မိုးရွာတဲ့ ထိကိုရှားတာ။ တပေါင်း၊
တန်ခူး၊ ကဆုန် သုံးလလောက်ရှိမယ်။ ရေချိုရွာမှာ မရှိတော့တာပေါ့။ မိုးခေါင်ရင်လေးလပေါ့။ ”
ဟု ဆိုသည်။
ဦးခင်သောင်းမှာ ယင်းကျေးရွာတွင်နှစ်၂၀ကျော်ကြာ
နေထိုင်သူဖြစ်ပြီး သောက်သုံးရေ ရှားပါးခြင်းမှာ ကျေးရွာ ၌
စတင်နေထိုင်သည့်အချိန်ကတည်းကဖြစ်ကြောင်း၊ ရေပြဿနာကို ရေချိုရသည့်ကျေးရွာများမှ
သွားရောက်ယူငင် ရကြောင်း ဆိုသည်။
“လှည်းတို့နွားတို့ရှိတဲ့ လူကတော့သုံးခွထိသွားခပ်တာကိုး။
မရှိတဲ့သူတွေကတော့ရတာကိုပဲ သောက်ရတော့တာပေါ့။ လက်လုပ်လက်စားသမားတွေကတော့
ဒုက္ခရောက်တာကိုး။ ခွန်ဒေါင်းနွားလှည်းတို့ရှိတဲ့ သူကတော့ သောက်သုံးရေ
ကောင်းကောင်းရတယ်” ဟု ဆိုသည်။
“လာလှူတဲ့လူတွေကတော့
ဒီနှစ်မှ စရှိတာပါ။ ပထမတော့ ကြံ့ခိုင်ရေးကလာလှူတယ်။ ရွေးကောက်ပွဲပြီးတော မလာ တော့
ဘူး။ နောက် တော့ခွပ်ဒေါင်း လာလှူတယ်။ စည်ပင်ကလာလှူတယ်။ ကြက်ခြေနီလာလှူတယ်။နောက်
ရန်ကုန် က သူဌေးတစ်ဦးလာလှူသေးတယ်။ ကြက်ခြေနီကလာလှူရင်တော့
တစ်အိမ်တစ်ထမ်းလိုက်ပို့တာပဲ။ ကျန်တဲ့ အဖွဲ့တွေ လာလှူ ရင်တော့
ကားရပ်ပြီးတော့ခေါ်ပေးတာပေါ့” ဟု သမစိတ္တကျေးရွာနေ ဒေါ်နှင်းအေးက ဖွင့်ဟသည်။
ယင်းကျေးရွာများတွင် လူဦးရေနှစ်ယောက်ရှိသည့်
မိသာစုတစ်စုလျှင်တစ်နေ့လျှင် ရေတစ်ပုံးနီးပါကုန်ပြီး မိသားစု ခြောက်ယောက်မှ
ရှစ်ယောက်ရှိသူများသည် ရေတစ်ထမ်း(နှစ်ပုံး)ကုန်ကြောင်း၊
လာလှူသည့်ရေအလှူရှင်များအနေဖြင့် တစ်မိသားစုလျှင်တစ်ပုံး သို့မဟုတ်
တစ်ထမ်းရကြောင်း သိရသည်။
“ကြက်ခြေနီကလာလှူရင်တော့ အိမ်ကိုထမ်းလိုက်ပို့တာပဲ။
ကျန်တဲ့အဖွဲ့တွေ လာလှူရင်တော့ ကားရပ်ပြီး ခေါ် ပေးတာပေါ့။ တစ်စီးလာတဲ့အဖွဲ့ဆိုရင် တစ်ပုံးပဲရတယ်။
သုံးလေးစီးလာတဲ့အဖွဲ့တွေကြတော တစ်ထမ်းရတယ်။” ဟု မဌေး က ဆိုသည်။
သုံးခွမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် ရေရှားပါးနေသည့်ကို
အင်တာနက်ဖေ့ဘုတ်စာမျက်နှာများ၌ ဖတ်မိကာ မိတ်ဆွေသူငယ်ချင်းများစုကာ
ရေသွားလှူခဲ့ကြသည့် မင်္ဂလာတောင်ညွှန့်နေ ကိုဝဏ္ဏက“ သုံးခွမှာရေ အခက်အခဲဖြစ်နေ တယ်
လှူတဲ့လူတွေလဲနည်းနေသေးတယ်လို့ကြားလို့ ဖေ့စ်ဘုတ်မှာရှိတဲ့ သူငယ်ချင်းတွေအချင်းချင်းတိုင်ပင်ပြီးတော့
လှူမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။” ဟု ပြောဆိုသည်။
သောက်သုံးရေရရှိရေးအလှူအတွက် ခွန်ဒေါင်းများငှားကာ
သွားကြရပြီး တစ်စီးလျှင်ကားငှားရမ်းခကျပ်
၆သောင်း မှ ၇သောင်းရှိပြီး ခက်ခက်ခဲခဲသွားရောက်ခဲ့ရကြောင်း၊ မိုးရွာပါက
သောက်သုံးရေရှားပါးသည့် ကျေးရွာ များသို့သွားလာရခက်ခဲ့ကြောင်း
သမစိတ္တကျေးရွာထိသွားရောက်ကာ ရေလှူခဲ့သည့် ကိုဝ္ဏက ဆိုသည်။
“ကားတစ်စီးကိုဂါလံငါးရာခန့်မှန်းခြေ။
တစ်စီးကိုတစ်ရွာပဲလှူတယ်။ ရွာတွေမှာက သောက်ရေပဲလိုတယ် သုံးရေကြတော့
ကြံ့ခိုင်ဖွံ့ဖြိုးရေးကတူးထားတဲ့တွင်းတွေကသောက်လို့မရဘူး ရေငန်တွေပဲထွက်တယ်။
ကျွန်တော်တို့သွားတဲ့အချိန်မှာ ရေကန်က ရေခန်းသွားတယ်။ရှိတဲ့ ရေက
နို့မှုန့်ဘူးအဝိုင်းလောက်ပဲရှိတော့တယ်။ ရွာတိုင်းလိုလိုပဲ။ နောက်ကျိပြီး
စစ်ပြီးတော့ သောက်လို့ ဝမ်းရောဂါဖြစ်တဲ့ရွာတွေလဲရှိတယ်။” ဟုကိုဝဏ္ဏက ရေသွားလှူသည့်အတွေ့အကြုံကိုပြောပြသည်။
“ ရေအသက်တစ်မနက်လို့ပြောကြတယ်။ ရေသွားလှူတယ်ဆိုတာ
မိသားစုတစ်စုကိုကယ်တာမဟုတ်ဘူး အကုန် လုံး ကိုကယ်သလိုဖြစ်တယ်။
တစ်ယောက်ကိုကယ်တာနဲ့တစ်ရွာလုံးကို ကယ်လိုက်တာနဲ့တူတူပဲ။ တစ်ရွာလုံးကိုပေး လိုက်တယ်
ဆိုတော့ ဘေးပတ်ဝန်းကျင်ရွာတွေကိုကယ် လိုက်တယ်လို့ခံစာရတယ်။”
ဟု သွားလှူခဲ့ရသည့် ခံစားချက်ကို ပြောပြသည်။
ပြီးခဲ့သည်
မေလပထမအပတ်အတွင်းတွင် သုံးခွမြို့နယ်တွင် မိုးတစ်ရက်နှစ်ရက်ခန့်
ရွာသွန်းမှုကြောင့်သောက်သုံး ရေ အနည်းငယ်ပြန်လည်ရရှိသော်လည်း ရေကန်များမှာ
ရွံဗွက်ရေသာသာရှိကြောင်း၊ ယင်းသို့မိုးများရွာသွန်းသဖြင့် လမ်း များ ပျက်စီးကာ
ရေလာလှူသည့်ကားများ ဗွက်နက်ခြင်း၊ သွားမရခြင်းများဖြစ်ပေါ်ကာ ရေလှူကားများ
မရောက်လာတော့ ကြောင်း ဆားတလင်းကျေးရွာနေထိုင်သူများကဆိုသည်။
“စက်ရေတွင်းတွေဘာတွေချပေးရင်တော့ အခက်အခဲမရှိတော့ဘူးပေါ့။
အဲဒါဆိုရင်တော့ အမြဲထာဝရကောင်း သွားမှာပါ။ ရွာတစ်ရွာလုံးလုံလောက်သွားမှာပါ။” ဟု ဦးခင်သောင်းက ပြောပြသည်။
ယင်းသို့ကျေးရွာများတွင် ရေချိုရှားပါးသည့်အတွက်ယခုနှစ်မှ
စတင်ကာ သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သမစိတ္တ၊ သာသာမြိုင်၊ ရန်ကြီးအောင်၊
ဘိတ်သိတ်၊ ညွန့်ပေါင်း၊ နှစ်ခွ ကျေးရွာတို့တွင် စက်ရေတွင်းတူးမည်ဖြစ်ကြောင်း၊
မှို့ကန်းသာ၊ ထွန်းစိန်၊ အောင်ပန်းစိန်ကျေးရွာတို့တွင်
ရေကန်များပြု့ပင်တိုးချဲမည်ဖြစ်ကြောင်း သုံးခွမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့
လက်ထောက်အင်ဂျင်နီယာ ဦးသက်တင်က ပြည်သူ့ခေတ်သို့ ပြောကြားသည်။
“အရေးပေါ်ရွာတွေမှာ ရေပြတ်လတ်မှုဖြစ်လို့ဝန်ကြီးရဲ့
ညွှန်ပြချက်နဲ့ တူးတာပေါ့။ ယခင်ကလျာထား တဲ့ ဘက်ဂျက်အတိုင်းပဲ ဆောင်ရွက်ရတာရှိတယ်။
အရေးပေါ်ဆိုရင်တော့ ရုံးချုပ်ကိုတင်ပြပြီးလုပ်ရတဲ့အပိုင်းတွေကျတော့
ချက်ခြင်းအကောင်အထည်အပေါ်နိုင်တာတွေရှိတာပေါ့။” ဟု ဦးသက်တင်ကပြောသည်။
နှစ်စဉ်အဆိုပါ
ကျေးရွာများတွက် သောက်သုံးရေးရှားပါးမှုများဖြစ်ခြင်းနှင့်ပတ်သက်ပြီး]ကန်တွေက
ရာသီဥတု ကိုမှီနေတာဆိုတော့ နေပူရှိန်များရင်ရေငွေပျံနှုန်းများလာမယ်။နောက်မြေကြီးက
စုတ်တာ တွေများလာတော့ နှစ်စဉ် မေလ မတိုင်ခင်ဆိုရင်ပဲ ကန်တွေကခန်းစပြုလာပြီ။
အသုံးများလာတာပေါ်မူတည်တာရယ် အငွေ့ပျံနှုန်းများ လာဆိုတော့ ထုံးစံ လိုဖြစ်နေတယ်။}ဟု ဦးသက်တင်က သူအတွေ့အကြုံကိုပြောသည်။
လက်ရှိသုံးခွမြို့နယ်ရှိကျေးရွာများအတွက်
ရေတွင်းအလှူရှင်းများရလာရာ ကျေးရွာ၂၀အတွက် ရေတွင်း များ ပြည့်နေပြီဖြစ်ပြီး
ရေတွင်းတစ်တွင်းအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၃သိန်းခန့်ကုန်ကျကြောင်း
သုံးခွမြို့နယ်တွင် ရေလိုက်လံလှူသည့်အလှူရှင်များကိုကူညီပေးနေသည့် သုံးခွမြို့ခံ
ကိုချစ်ကိုကိုက ပြောသည်။
“ ကျွန်တော်တို့အရင်မိုးကုန်ပြီးတုန်းက
အောင်ပန်းစိန်တို့တူးရင် ပေ၅၀ဝကျော်တူးတာပဲ၊ ရေချိုရမယ် ဆိုရင် တော့ ဝမ်းသာဖို့
ကောင်း တာပေါ့။ ရေငန်ဖြစ်သွားရင်တော့ တူးရကျိုးမနပ်ဘူးပေါ့။
အတွေ့အကြုံအရမှန်းပြီးတော့ တူးရတာပေါ့။ ရေတော့ထွက်တယ် ရေချို
လားငန်လားဆိုတာကတော့ကံပဲပေါ။ ရေချိုမထွက်ဘူးဆိုရင်တော့ ဒီတွင်းကိုမသုံးတော့ဘူး
စွန့်တွင်းအနေနဲ့ ချလိုက်တဲ့ ပိုက်တွေတော့ဆုံးသွားမှာပေါ့။ တခြားမှာပြောင်းတူးပေးမလား
ရေကန်ကိုပြုပြင်ပေးမလားဒါပဲရှိမယ် ”ဟု ရေတွင်း တူးဖော်သည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး
ရှင်းပြသည်။
“ရေရှားပါးခဲ့တာတွေကြုံခဲ့တော့
ဒီကျေးရွာကိုရေချိုလေးရစေချင်တယ်။ ကျွန်တော်တို့တွေလဲကားနဲ့ ရေဝေတာ တွေလဲ ရှိတယ်။
ရေချိုရရင်တွင်းအောင်ရင်တော့ သမစိတ္တကျေကောဆားတလင်းကော ရေရသွားမှာပေါ့။”
ဟု တွေးတွေး ဆဆ ပြောသည်။
ယင်းသို့ ကျေးရွာများ ရေတွင်များတွင်ရေချိုထွက်ရှိပါက
နောင်လာမည့်နွေရာသီများတွင် သောက်သုံးရေရှားပါးမှု ပြဿာ
ပပျောက်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
ပြည်သူ့ခေတ်ဂျာနယ် - ၁၇ရက်မေလ ၂၀၁၂ထုတ် ( အတွဲ၂၊ အမှတ် ၉၄) တွင်ဖော်ပြခဲ့သည့်
သတင်းဆောင်းပါးဖြစ်ပါသည်။
No comments:
Post a Comment